အသက်ရှူလမ်းကြောင်းထဲသို့ ပြင်ပအရာဝတ္ထုများ ပိတ်ဆို့ခြင်း
အသက်ရှူလမ်းကြောင်းထဲကို ပိတ်ဆို့တတ်တဲ့ ပြင်ပအရာတွေဟာ အစားအစာတွေ ဖြစ်နိုင်သလို တခြားအရာဝတ္ထုတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ အသက်သုံးနှစ်အောက် ကလေးတွေမှာ အဖြစ်အများဆုံးဖြစ်ပြီး ၈၀% ခန့် ရှိပါတယ်။
ကလေးငယ်လေးတွေမှာ ပဲစေ့လေး၊ ကျောက်ခဲလေး၊ ဘက်ထရီသေးသေးလေး၊ အကြွေစေ့၊ တွယ်ချိတ်၊ ပုလင်းအဖုံးစသဖြင့် တွေ့ကရာပါးစပ်ထဲထည့်ရာက အသက်ရှူလမ်းကြောင်းထဲကို ရောက်ရှိပြီး ပိတ်ဆို့သွားတတ်တာပါ။ လူကြီးတွေမှာလည်း တေးရေးဆရာကေအေတီ ကွမ်းသီးနင်ပြီး အသက်ဆုံးရှုံးခဲ့ရသလိုမျိုး အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာ ဖြစ်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းထဲကို ပြင်ပအရာတွေ ပိတ်ဆို့တဲ့အခါ အရာဝတ္ထုရဲ့ အရွယ်အစားပေါ်မူတည်ပြီး လက္ခဏာမပေါ်တာကနေ ဘာဖြစ်နေမှန်းတောင် မပြောနိုင်ဘဲ ရုတ်တရက် အသက်ရှူရခက်ခဲပြီး အချိန်မီအသက်မကယ်နိုင်ရင် သတိလစ်ပြီး အသက်ဆုံးရှုံးတာထိ ဖြစ်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ?
ပိတ်ဆို့တဲ့ အရာဝတ္ထုက သေးပြီး လုံးဝပိတ်ဆို့သွားတာ မဟုတ်ရင်… စကားပြောနိုင် အသက်ရှူနိုင်ပြီး
- ချောင်းဆိုးတာ
- ချောင်းဆိုးသွေးပါတာ
- ရင်ဘတ်အောင့်တာ
- ဂနာမငြိမ်ဖြစ်တာ
- နမိုးနီးယားအဆုတ်ရောင်ရောဂါရှိပြီး ကုသမှုပေးလည်း မသက်သာတာ
- ရင်ဘတ်ဓာတ်မှန်၊ ကွန်ပြူတာဓာတ်မှန် စသည်ရိုက်မှ လေပြွန်ထဲမှာ ပြင်ပအရာဝတ္ထုကို တွေ့တာမျိုး ဖြစ်တတ်ပါတယ်။
ပိတ်ဆို့တဲ့ အရာဝတ္ထုက အရွယ်အစားကြီးပြီး အသက်ရှူလမ်းကြောင်း လုံးဝပိတ်ဆို့သွားတာဆိုရင်…
- စကားမပြောနိုင်တာ (စကားမပြောနိုင်ဘဲ လည်ပင်းကို လက်နဲ့ကိုင်ထားညှစ်ထားတာ၊ လက်ညှိုးထိုးပြနေတာ)
- အသက်မရှူနိုင်၊ အသံမထွက်နိုင်တာ
- အသက်ရှူဖို့ ကြိုးစားတိုင်း တရွှီရွှီမြည်နေတာ
- နှုတ်ခမ်းနဲ့ခြေလက်တွေ ပြာနှမ်းလာတာ (အောက်ဆီဂျင်ပြတ်လို့)
- သတိလစ်တာနဲ့ အသက်သေဆုံးတာထိ ဖြစ်နိုင်ပါတယ်။
ဘယ်လိုလူတွေ အဖြစ်များလဲ?
ကလေးငယ်လေးတွေအပြင်
- အသက်ကြီးတဲ့ သူတွေ
- သွားမရှိတဲ့သူ၊ သွားတုတပ်ထားရသူတွေ (သွားတုက အသက်ရှူလမ်းကြောင်းထဲ ပိတ်ဆို့သွားတာ ဖြစ်နိုင်ပါတယ်)
- အရက်သောက်တဲ့သူတွေ
- အိပ်ဆေးသုံးစွဲထားသူတွေ
- စေးတဲ့ပျော့တဲ့အစာစားသူတွေမှာ အဖြစ်များပါတယ်။
ဘာလုပ်ရမလဲ?
- စကားပြောနိုင်၊ အသက်ရှူနိုင်သေးရင် ချောင်းအဆက်မပြတ်ဆိုးဖို့ အားပေးရပါမယ်။
- စကားမပြောနို င်၊အသက်မရှူနိုင်၊ ကလေးငယ်လေးတွေ မငိုနိုင်တော့ရင်…
- တစ်နှစ်အောက်ကလေးဆိုရင် ကလေးကို မှောက်ကာခေါင်းကိုအောက်ဆိုက်ထားပြီး ကျောအလယ်ကို လက်ဖနောင့်နဲ့ ခပ်ပြင်းပြင်းပုတ်ပေးရပါမယ်။ တစ်ချက်ပုတ်ပြီးတိုင်း ပိတ်ဆို့နေတဲ့အရာ ထွက်သွားမသွားကို စစ်ဆေးပါ။ ငါးချက်ပုတ်ပြီးတဲ့အထိ မထွက်သေးရင် ကလေးကို ပေါင်ပေါ်မှာ ပက်လက်ထား၊ ခေါင်းကိုနှိမ့်ထားပြီး နောက်စေ့ကို လက်နဲ့ထိန်းထားပါ။ ပြီးရင် ရင်ညွန့်နေရာကို ခပ်ပြင်းပြင်းဖိပေးပါ(အရေးပေါ်အသက်ကယ်ရင် လုပ်သလို)။
အသက်တစ်နှစ်အထက်ကနေ လူကြီးတွေဆိုရင်…
လူနာရဲ့အနောက်မှာရပ်ပြီး လူနာကို အရှေ့ကိုနည်းနည်းကုန်းခိုင်းကာ ကျောအလယ်ကို ခပ်ပြင်းပြင်း ပုတ်ပေးရပါမယ်။ ငါးခါခန့်ပုတ်ပြီး ပိတ်ဆို့နေတဲ့အရာ ထွက်မလာသေးရင် လူနာရဲ့အနောက်ကနေ လက်နှစ်ဖက်နဲ့ လူနာရဲ့ ရင်ညွှန့်နေရာမှာ လက်တစ်ဖက်ကို လက်သီးဆုပ်၊ ကျန်တစ်ဖက်က ထိုလက်သီးဆုပ်ကို ဆုပ်ကိုင်ပြီး အတွင်းဘက်နဲ့အပေါ်ဖက်ကို ဖိဆွဲပေးရပါမယ်။ ကျောပုတ်တာငါးကြိမ်နဲ့ ဝမ်းဗိုက်ဖိတာငါးကြိမ်ကို အရာဝတ္ထုထွက်လာတဲ့ထိ တစ်လှည့်စီ လုပ်ရပါမယ်။
အကယ်၍ လူနာက သတိလစ်သွားမယ်၊ နှလုံးရပ်သွားမယ်ဆိုရင်တော့ အရေးပေါ်အသက်ကယ်ခြင်း စတင်ပြီး နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ဆုံးဆက်သွယ်သင့်ပါတယ်။
အရေးပေါ်ကုသမှုတွေ လုပ်ပြီးပေမယ့်လည်း ပြင်ပအရာက လေပြွန်အပေါ်ပိုင်း သို့မဟုတ် အောက်ပိုင်းမှာ ဆက်လက်ရှိနေနိုင်ပြီး အဆုတ်ပြည်တည်နာ (lung abscess)၊ အဆုတ်လေပြွန်ကျယ်ခြင်း (bronchiectasis)နဲ့ နမိုးနီးယားအဆုတ်ယောင်ခြင်းတွေဖြစ်ကာ မှန်ပြောင်းဖြင့်ကြည့်ရှုထုတ်ယူဖို့( bronchoscopy) လိုအပ်နိုင်ပါတယ်။
- အသက်ရှူလမ်းကြောင်းထဲ ပိတ်ဆို့မှုမဖြစ်ရအောင်…
- လေ့ကျင့်ခန်းလုပ်နေစဥ် အစာမစားပါနဲ့။
- အစာစားနေစဥ် စကားမပြောပါနဲ့။
- အရက်မူးအောင်သောက်ထားပြီး အစာမစားပါနဲ့။
- အစာကို ကြေညက်အောင် ဖြည်းဖြည်းချင်း ဝါးစားပါ။
- ကလေးတွေကို သစ်သီးကြွေးရင် အစေ့တွေမပါအောင် ဂရုစိုက်ပါ။
- ကလေးငယ်လေးတွေ တွေ့ကရာပါးစပ်ထဲ ကောက်မထည့်အောင် ဂရုစိုက်ပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်